#Editorial အပြစ်တင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်နေပြီလား ........................................................... ဒီကနေ့ မြန်မာလူမှုအဖွဲ့အစည်းမှာ Victim Blaming လို့ခေါ်တဲ့ ခံရသူအပေါ် အပြစ်တင်စကားပြောတာ အရင်ထက် ပိုများလာသလားလို့။ များသောအားဖြင့် အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေမှာ ဒီလိုလုပ်တာ အတွေ့ရများတယ်ဆိုပေမယ့် တခြားနိုင်ငံရေးနွှယ်တဲ့ ပြဿနာ တော်တော်များများကိုလည်း အဲလိုလုပ်တာ အရင်ထက် ပိုများလာတယ်။ တစ်ခုခုဆို ခံရတဲ့သူတွေကို “ဒီလောက် “အ” မှတော့ ခံပေါ့”၊ “အဲလိုဖြစ်အောင် သူက ဘာသွားပြောမှန်းမှ မသိတာ”၊ “ဖြစ်မှာပေါ့ သူတို့ကိုယ်တိုင်က အနေအထိုင်မှ မတတ်တာ”၊ “အသတ်ခံရတာတောင် နည်းသေးတယ်” စတဲ့ စကားမျိုးတွေပေါ့။ ဒါတွေက ခံရသူကိုတစ်ဖက်သတ် အပြစ်တင်ရုံတင်မကဘူး။ အနိုင်ကျင့်သူ၊ ပြစ်မှုကျူးလွန်သူ၊ အကြမ်းဖက်သူကို အားပေးကူညီရာရောက်တယ်ဆိုတာ သိကြရဲ့လားမသိဘူး။ တချို့ကတော့ သိသိချည်းနဲ့ကို တမင်ဝန်းရံထောက်ခံလာကြတယ်။ အဲဒီအထဲမှာ ရဟန်းပုဂ္ဂိုလ်တွေတောင် ပါနေတာမြင်ရတော့ ဗုဒ္ဓရဲ့စစ်မှန်တဲ့ အဆုံးအမတွေ မျက်ကွယ်ပြုလာကြပြီလားဆိုတဲ့ စိုးရိမ်စိတ်ဖြစ်မိတယ်။ အမျိုးသမီးတွေအပေါ်မှာဖြစ်ဖြစ်၊ ဘာသာခြား၊ လူမျိုးခြားတွေအပေါ်ဖြစ်ဖြစ် တစ်စုံတစ်ယောက်၊ တစ်ဖွဲ့ရဲ့ အကြမ်းဖက်မှု၊ အနိုင်ကျင့်မှု၊ တစ်ဖက်သတ်စီရင်မှု၊ သတ်ဖြတ်မှုခံရတဲ့ ဘယ်သူ့အပေါ်ကိုမဆို တစ်ဖက်သတ် အပြစ်တင်တာက လူယဉ်ကျေးတွေရဲ့ စရိုက်လက္ခဏာမဟုတ်တာတော့ သေချာတယ်။ ဘာသာတရားအဆုံးအမရယ်၊ စာရိတ္တနဲ့ ကျင့်ဝတ်နီတိကို အလေးထားတဲ့ ပတ်ဝန်းကျင်ရယ်ကြောင့် အင်မတန် သိမ်မွေ့ယဉ်ကျေး၊ ပျူငှာပျော်ရွှင်တတ်တဲ့ မြန်မာလူ့အဖွဲ့အစည်း တဖြည်းဖြည်းနဲ့ ရိုင်းစိုင်း၊ ခက်ထန်၊ တင်းမာလာတယ်။ အဲလိုဖြစ်သွားအောင် တွန်းပို့ပေးတဲ့ အကြောင်းတွေလည်း အဲဒီကာလတွေမှာ ရှိခဲ့လို့ပေါ့။ ဒီနေ့ အွန်လိုင်းလူမှုကွန်ရက်ကို ကြည့်လိုက်ရင် မြန်မာလူ့အဖွဲ့အစည်းရဲ့ စရိုက်လက္ခဏာ ဘယ်လောက်ခက်ထန်ကြမ်းတမ်းလာသလဲဆိုတာ အကြမ်းဖျင်းသိနိုင်တယ်။ ဗေဒင်ဆရာတစ်ယောက်နဲ့ အမျိုးသမီးငယ်တွေအကြား ဖြစ်နေတဲ့ ပြဿနာဆိုရင် တချို့က မိန်းကလေးတွေကို အပြစ်တင်ထားတာ တွေ့ရတယ်။ ဒါလည်း Victim Blaming ပဲ။ ဒီလိုပြဿနာမျိုးဖြစ်လာရင် ခံရသူကို ဘယ်လိုအကြံပေးမယ်၊ ဘယ်လို အားပေးနှစ်သိမ့်မယ် မစဉ်းစားဘဲ အရိ၊ အထေ့စကားလုံးတွေနဲ့ နည်းတောင် နည်းသေးတယ်ဆိုတဲ့ သဘောမျိုး မှတ်ချက်စကားတွေ အကောင့်မှာတင်ထားသူ၊ အဲဒီပို့စ်ကို ထောက်ခံကြောင်း သင်္ကေတပေးသူ၊ ဝင်ပြီးဆွမ်းကြီးလောင်း မှတ်ချက်ပေးသွားသူတွေက အမျိုးသားတွေဖြစ်နေတာ သိပ်အရုပ်ဆိုးတယ်။ ဒီလိုကိစ္စမျိုးက ကျူးလွန်သူက အမျိုးသားတွေဖြစ်နေတဲ့အတွက် ခံရသူတွေကို အွန်လိုင်းပေါ်မှာ လူသိရှင်ကြား အပြစ်တင်တာမျိုးက ယောကျာ်းကောင်းတွေရဲ့ ခံယူချက်၊ စိတ်ထားမျိုး မဟုတ်ဘူး။ အင်မတန်မှ သေးသိမ်ညံ့ဖျင်းတဲ့ စိတ်ဓာတ်ရှိတဲ့သူတွေလို့ အများသိအောင် ကိုယ့်ကိုယ်ကိုယ် ကြေညာတာနဲ့ အတူတူပဲ။ အနိုင်ကျင့်တဲ့သူတွေကို အားပေးအားမြှောက်ပြုတာများလာတဲ့ လူ့အဖွဲ့အစည်းမှာရှိနေတဲ့သူတွေ စိုးရိမ်ကြောင့်ကြမှု ပိုများလာမယ်။ အဓိကအကျဆုံးကတော့ ဥပဒေစိုးမိုးမှုပဲ။ ဥပဒေက စိုးမိုးချင်တဲ့နေရာမှာတော့ ဟာကွက်မရှိ အောင်စိုးမိုးပြီး မစိုးမိုးချင်တဲ့နေရာကျတော့ ဟင်းလင်းပွင့်သလိုဖြစ်မနေဖို့ပဲ။ အဲလိုမဖြစ်အောင် ဥပဒေချိုးဖောက်သူတွေ၊ အဲလို ချိုးဖောက်သူတွေကို အားပေးထောက်ခံသူတွေ၊ ခံရသူတွေအပေါ် အပြစ်တင်သူတွေ နည်းသွားအောင် လုပ်ဖို့လိုမယ်။ ဘယ်နည်းနဲ့ လုပ်မလဲဆိုတာ ဝိုင်းပြီးဆွေးနွေး အဖြေရှာကြဖို့လိုမယ်။ သေချာပြီး လက်တွေ့ကျတာက ကျွန်တော်တို့ တစ်ဦးချင်းစီကိုယ်တိုင် အားနည်းသူ၊ ခံရသူတွေကို အပြစ်တင်စကားမပြောဖို့ အရင်ဦးဆုံးလုပ်ရမယ် ဆိုတာပါ။ အယ်ဒီတာ (၁၅ - ၉ -၂၀၁၈) (လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၁၀-၂-၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။) Editorial, The Voice Daily ,Vol-6/No-135 (#voiceeditorial)

Теги других блогов: Editorial Victim Blaming အပြစ်တင်စကား